နည်းပညာကုမ္ပဏီကြီးများဖြစ်ကြသည့် Amazon နှင့် Microsoft တို့ ပူးပေါင်း၍ လာမည့်နှစ်များအတွင်း အိန္ဒိယနိုင်ငံ၌ အမေရိကန်ဒေါ်လာ ၅၂.၅ ဘီလီယံ (ပေါင် ၃၉.၄ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ကြေညာချက်ကို ဘီဘီစီသတင်းဌာနက ဖော်ပြထားပါသည်။
Microsoft က အိန္ဒိယနိုင်ငံ၏ AI ဂေဟစနစ်ကို ခိုင်မာအားကောင်းစေရန် အမေရိကန်ဒေါ်လာ ၁၇.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နောက်တစ်ရက်တွင် Amazon မှလည်း AI မောင်းနှင်သော ဒီဂျစ်တယ်စနစ်အသွင်ကူးပြောင်းမှု၊ ပို့ကုန်တိုးတက်ရေးနှင့် အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးတို့ကို မြှင့်တင်နိုင်စေရန် ၂၀၃၀ ပြည့်နှစ်အထိ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ၁၀-၁၂-၂၀၂၅ ရက်နေ့က ပြောကြားခဲ့သည်။
AI နည်းပညာနှင့် cloud အခြေခံအဆောက်အအုံဆိုင်ရာ ဗဟိုဌာနဖြစ်သည့် အိန္ဒိယနိုင်ငံတွင် မကြာသေးမီက ကမ္ဘာ့နည်းပညာရင်းနှီးမြှုပ်နှံမှုအများအပြား ဝင်ရောက်လျက်ရှိပါသည်။ အောက်တိုဘာလတွင် Google ကုမ္ပဏီမှ AI data bub တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့ပြီး၊ Intel ကုမ္ပဏီမှလည်း မွန်ဘိုင်းအခြေစိုက် Tata အီလက်ထရောနစ်ကုမ္ပဏီနှင့် ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်မည့်အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
“AI နဲ့ ပတ်သတ်လျှင် ကမ္ဘာကြီးက အိန္ဒိယအပေါ် အကောင်းမြင်နေကြပါတယ်” လို့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက ၉-၁၂-၂၀၂၅ ရက်နေ့ Microsoft CEO Satya Nadella နဲ့ တွေ့ဆုံပြီးနောက် X (Twitter) မှာ ရေးသားခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြထားသည်။
Amazon ၏ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုသည် အိန္ဒိယ၌ ယခင်ရင်းနှီးမြှုပ်နှံထား သည့် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံတွင် ထပ်မံဖြည့်တင်းသွားမည်ဖြစ်ပြီး ဒေသတွင်း cloud နှင့် AI အခြေခံအဆောက်အအုံ တည်ဆောက်မှုတို့အတွက် အဓိကအသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီကို အိန္ဒိယနိုင်ငံ၏ “အကြီးဆုံးနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ” ဖြစ်လာစေမည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Microsoft ၏ ယခုကတိကဝတ်သစ်သည် ယခုနှစ်အစောပိုင်း အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှပ်နှံမှုပြုလုပ်သွားမည်ဟု ကြေညာခဲ့ပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်ပါသည်။ ၎င်းရင်းနှီးမြှုပ်နှံမှုတွင် အိန္ဒိယတောင်ပိုင်းရှိ ဟိုက်ဒရာဘတ်မြို့၌ ဒေတာစင်တာများ စုစည်းထားသော "Hyperscale Cloud Region" အသစ်တစ်ခု ပါဝင်ပြီး၊ ၎င်း သည် ၂၀၂၆ ခုနှစ် အလယ်ပိုင်းတွင် စတင်အသက်ဝင်မည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Microsoft က “sovereign public cloud” အသုံးပြုခွင့်ကို အိန္ဒိယအား ပေးအပ်ထားပြီး ၎င်း၏ အိန္ဒိယ၌ ရင်းနှီးမြှုပ်နှံမှုသည် ကနေဒါ၊ ပေါ်တူဂီနှင့် အာရပ်စော်ဘွားများပြည်ထောင်စုအပါအဝင် နိုင်ငံများ၌ ပြိုင်ဘက် Amazon နှင့် Google တို့နှင့်အတူ AI နည်းပညာချဲ့ထွင်မည့် အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံတန် စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း၊ AI ကို အိန္ဒိယအစိုးရ ပလက်ဖောင်း များတွင် ပေါင်းစည်းရန် ရည်ရွယ်ထားပြီး တရားဝင်မဟုတ်သော အလုပ်သမား ၃၁၀ သန်းခန့်ကို ပံ့ပိုးရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထား သည်။
အဆိုပါထုတ်ပြန်ချက်များသည် အိန္ဒိယ၏ ပြည်တွင်းချပ်စ် (Chip) ထုတ်လုပ်ရေးလုပ်ငန်း၊ အစိုးရကထောက်ပံ့ထားသည့် တိုးမြှင့်စီမံကိန်းများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၊ ပုဂ္ဂလိက စီမံကိန်းများစွာ လုပ် ဆောင်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသည် အင်တာနက်သုံးစွဲသူ ၁ ဘီလီယံနှင့် နည်းပညာပါရမီရှင်များ များစွာရှိမှုကြောင့် AI နည်းပညာအတွက် ကြီးမားသောဈေးကွက်တစ်ခုဖြစ်သော်လည်း ကမ္ဘာ့ဦးဆောင်နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်တို့နောက်တွင် နောက်ကျကျန်နေဆဲဖြစ်ကြောင်း၊ သို့သော် Chip ထုတ်လုပ်ခြင်း ကဲ့သို့သော အဓိကကွန်ပျူတာပိုင်းဆိုင်ရာနည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု ဘီလီယံပေါင်းများစွာ ရရှိလျက်ရှိပြီး၊ Chip ထုတ်လုပ်သည့်လုပ်ငန်းများကို အစိုးရ၏ တစ်ပိုင်းလျှပ်ကူးထုတ်လုပ်ခြင်း လုပ်ငန်းအစီအစဉ်အောက်မှ အထောက်အပံ့ အများအပြားကို ပံ့ပိုးကူညီပေးလျက်ရှိကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြထားသည်။
လာမည့်နှစ် ဖေဖော်ဝါရီလတွင် အိန္ဒိယ၏ sovereign AI မော်ဒယ်ကို စတင်မိတ်ဆက်မည်ဟု မျှော်လင့်ရပါသည်။
(အိန္ဒိယက အဓိကထားလုပ်ဆောင်လျက်ရှိသော AI တန်ဖိုးကွင်းဆက်၏ အဓိကအစိတ်အပိုင်းဖြစ်သည့် ဒေတာစင်တာများသည် ကွန်ပျူတာဆာဗာများ၊ အိုင်တီအခြေခံအဆောက်အအုံနှင့် ကွန်ရက်ပစ္စည်းများကို လက်ခံထားရှိသည့် ဗဟိုအဆောက်အအုံများ ဖြစ်ပါသည်။ ဒေတာစင်တာများသည် ၎င်းတို့၏ စွမ်းအင်သုံးစက်ပစ္စည်းများကို အေးမြစေရန်အတွက် ရေပမာဏ အများအပြားကို သုံးစွဲရပါသည်။ အိန္ဒိယသည် အချို့ဒေသများတွင် ရေအရင်းအမြစ်နှင့်ပတ်သက်၍ တင်းမာလျက်ရှိရာ ဒေတာစင်တာများ တိုးချဲ့တည်ဆောက်မှုသည် ဒေသခံရေရှားပါးမှုပြဿနာများ ပိုမိုဆိုးရွားလာနိုင်မှုကြောင့် စိုးရိမ်ပူပန်မှုများ ရှိလျက်ရှိပါသည်။)
ရင်းမြစ်။ ဘီဘီစီသတင်းဌာန
Source: https://commerce.gov.mm